တပ်ကုန်းမြို့ တန်ဆောင်တိုင်ပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်တွင် နွားလှည်းယဉ်ကျော့ ပြိုင်ဆိုင်ခြင်းဖြင့် ကျင်းပ

တပ်ကုန်း နိုဝင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ရိုးရာပွဲတော်ကို ဖော်ထုတ်မြှင့်တင်အားပေးခြင်းဖြင့် တပ်ကုန်းမြို့ တန်ဆောင်တိုင်ပွဲတော်နှင့်MSME ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းဝင်းအတွင်း၌ နွားလှည်းယဉ်ကျော့ပြိုင်ပွဲအား နံနက်နှင့် ညနေပိုင်း နှစ်ချိန်ခွဲကာ စည်ကားစွာ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်MSMEအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် မြို့နယ် MSME အသင်းဥက္ကဋ္ဌ ဦးမောင်မောင်နုနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်လှည်းမောင်းသမားများနှင့် အလှမယ်များ၊ ဒိုင်အဖွဲ့များ၊ ကြီးကြပ်သူများ၊ ဒေသခံပြည်သူများ၊ ရပ်ဝေး၊ ရပ်နီးမှ ပွဲလာပရိသတ်များ ကြည့်ရှုသူစုစုပေါင်း ငါးထောင်ကျော် ပါဝင်ဆင်နွှဲ၍ နွားလှည်းယဉ်ကျော့အစီးပေါင်း ၃၀ စီး ပါဝင်ယှဉ်ပြိုင်ခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ပျော်ရွှင်အေးချမ်းစွာ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့ တန်ဆောင်တိုင်ပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်တွင် ညပိုင်းတွင် နိုင်ငံကျော် အဆိုတော်စတိတ်ကားဖြင့် လှည့်လည်ဖျော်ဖြေပွဲကျင်းပမည်ဖြစ်ကြောင်းနှင့် နွားလှည်းယဉ်ကျော့ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်တန်ဆောင်တိုင်ပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

တင်စိုးလွင်