သာစည်မြို့နယ်တွင် အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးသူအတွက် ကျန်ရစ်သူငွေလုံးငွေရင်း အကျိုးခံစားခွင့် ထုတ်ပေး

သာစည် နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထား၊ တိုင်းအမှတ်(၄)၊ ကလောဘူတာမှ အာမခံအလုပ်သမား အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူငွေလုံးငွေရင်းအကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီက အမှတ် (၂) ရပ်ကွက် သာစည်စက်ခေါင်းရုံရှိ ဓမ္မရက္ခိတဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်း သိကောင်းစရာများဖြစ်သည့် မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်၊ ကိုယ်ဝန်ဆောင်မှု မီးဖွားမှုအတွက် ဆေးကုသမှုငွေကြေး အကျိုးခံစားခွင့်နှင့်မီးဖွားစရိတ်၊ အာမခံအလုပ်သမားသေဆုံးမှုအတွက် နာရေးစရိတ်ခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှုနှင့် ကျန်ရစ်သူငွေလုံးငွေရင်းအကျိုးခံစားခွင့် စသည် အာမခံအလုပ်သမားများ ခံစားရမည့် အကျိုးခံစားခွင့်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးတာဝန်ခံအရာရှိက မြန်မာ့မီးရထား၊ တိုင်းအမှတ်(၄)၊ ကလောဘူတာမှ အာမခံအလုပ်သမား ဦးနိုင်ဝင်း၏ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူငွေလုံးငွေရင်းအကျိုးခံစားခွင့် ငွေကျပ် ၇၂ သိန်းတိတိကို သေဆုံးသူ၏ဖခင် ဦးဝင်းငွေထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် အကျိုးခံစားခွင့်ရရှိသူ၏ကိုယ်စား မြန်မာ့မီးရထား၊ တိုင်းအမှတ်(၄) သာစည်စက်ခေါင်းရုံမှ လက်ထောက်အင်ဂျင်နီယာ ဦးဝင်းနိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

အကျိုးခံစားခွင့်ထုတ်ပေးပွဲသို့ မြန်မာ့မီးရထား၊ တိုင်းအမှတ် (၄) ကလောနှင့် သာစည်မီးရထားမှ တာဝန်ရှိသူများ၊ မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးမှ ဦးစီးအရာရှိ ဒေါ်ဂျိုတီးနှင့်ဝန်ထမ်းများ၊ ဆေးခန်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)