သထုံမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းကျင်းပ

သထုံ နိုဝင်ဘာ ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို နိုဝင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များ သာမက ပြင်ပ စာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များ ဖြစ်လာရေး ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အမှတ် (၄) အခြေခံပညာအထက်တန်း ကျောင်းမှ Grade-11 ကျောင်းသူတစ်ဦးက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး Grade-9 နှင့် Grade-10 ကျောင်းသား၊ ကျောင်းသူ လေးဦးတို့က လူငယ်နှင့် စာဖတ်ခြင်း၊ မိမိအနှစ်သက်ဆုံး စာအုပ်တစ်အုပ်၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များကို ကျယ်ကျယ်ပြန့်ပြန့် ‌မျှဝေဆွေးနွေးကြရာ အစီအစဉ်တင်ဆက်သူက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူတို့က ဖြေကြားပေးခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး က စကားဝိုင်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အ.ထ.က (၄) သထုံ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှရီနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြ သူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်