ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူတော်ပွဲတက်ရောက်

စစ်တွေ နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူး၍ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူပွဲတော်ကို ယမန်နေ့ နေ့လယ် ၂ နာရီက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီးပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် သာသနာ့ဗိမာန်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပူဇော်သည်။ ထို့နောက် အခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။

ဆက်လက်၍ မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့်ပရိယတ္တိစာသင်တိုက် ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏဝံသ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့က မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်တို့က မြသိန်းတန်ကျောင်းတိုက်ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး စစ်တွေမြို့ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံသို့ ကထိန်လျာသင်္ကန်းအား ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကျောင်းတိုက်အသီးသီးမှ ဆရာတော်များအား ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက်ပဓာနနာယက ဆရာတော်အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ကထိန်အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဠတုသုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူပွဲတော်တွင် စစ်တွေမြို့ပေါ်ရှိ ကထိန်သင်္ကန်းမရရှိသည့် ကျောင်းတိုက် ၆၄ တိုက်မှ ဆရာတော်များအား ပင့်ဖိတ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာများမှစုပေါင်း၍ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းဖြစ်ရာ ပစ္စည်းတန်ဖိုး၊ ငွေသားတန်ဖိုး စုစုပေါင်း ၈၃၈၅၈၈၀၀ (ကျပ်ရှစ်ရာ့သုံး ဆယ့်ရှစ်သိန်းငါးသောင်းရှစ်ထောင်ရှစ်ရာကျပ်တိတိ)ကို လှူဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)