စဉ့်ကိုင် နိုဝင်ဘာ ၁၆
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် (သာမညဖလ)အခါတော်နေ့တွင် မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ တန်ခိုးကြီး ဘုရားများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိရာ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်အတွင်းရှိ ရတနာလာဘမုနိ ဆုတောင်းပြည့်မြွေဘုရားနှင့် ပေါ်တော်မူ မြတ်စွာဘုရားများတွင်လည်း ယမန်နေ့နံနက်ပိုင်းက ဘုရားဖူး ပြည်သူများဖြင့် အထူးစည်းကား သိုက်မြိုက်လျက်ရှိကြောင်း သိရသည်။
တန်ဆေင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်) နေ့သည် အများပြည်သူအလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်သည့်အတွက် ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများသည် စဥ်ကိုင်မြို့နယ် အတွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်သော ရတနာလာဘမုနိ ဆုတောင်းပြည့်မြွေဘုရား၊ ပေါ်တော်မူမြတ်စွာဘုရား၊ အဓိဌာန်အောင် ကံကြီးမမြတ်စွာဘုရားများတွင် မိမိတို့၏ မိသားစုစီးပွားရေး၊ လူမှုရေး၊ ပညာရေးများကို အဓိဌာန်ပြု၍ ဆုတောင်းခြင်းများ၊ အဓိဌာန်အောင်၍ အောင်ကန်တော့ပွဲ လာရောက်ကန်တော့သူများ၊ ဘုရားဖူးပြည်သူများအား စတုဒီသာ ကုသိုလ်ပြုသူများဖြင့် အထူးစည်းကားလျက်ရှိသည်။
ထို့အတူ ရပ်ကွက်/ကျေးရွာအတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ ရပ်ကွက်အလိုက် ဓမ္မာရုံများတွင် ဧည့်ခံကျွေးမွေး၍ ကုသိုလ်ယူသူများနှင့် သက်ကြီးဘိုး/ဘွားမိဘများ ၊ ဒေသခံ ပြည်သူများသည် တန်ဆောင်မုန်းလပြည့်နေ့ကာလ အခါသမယတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ တရားဘာဝနာပွားများအားထုတ်ခြင်း၊ ကမ္မဋ္ဌာန်းတရားစီးဖြန်းခြင်းများအား စိတ်အေးချမ်းသာယာစွာ ကောင်းမှုကုသိုလ်ပွားများခြင်းဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)