ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်

ဟိုပုံး နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က သီရိမင်္ဂလာဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဒေသ/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီးနောက် ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များကို နာယူကြသည်။  ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြ သည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများသည် ဆရာတော်၊ သံဃာတော်များထံမှ အနုမောဒနာတရားတော်နာယူပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။ ဟိုပုံးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် တန်ဆောင်မုန်းလ၏ အထင်ကရပွဲတော်တစ်ခုဖြစ်သော မဟာကထိန်ပွဲတော်ကြီးတွင်  အဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း ဘုန်းတော်ကြီးကျောင်းများတွင် စေတနာထက်သန်စွာဖြင့် ရိုးရာမပျက်နှစ်စဥ်အေးချမ်းစွာ ကုသိုလ်ယူလှူဒါန်းကြကြောင်း သိရသည်။

အဆိုပါ မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ဒေသ/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်(၆) ရပ်ကွက်မှ ဒေသခံပြည်သူများ၊ အလှူရှင်များမှ လှူဒါန်းသည့် ပဒေသာပင်စုစုပေါင်း (၄၃)ပင် တန်ဖိုးငွေ ကျပ်သိန်း (၄၂၄၀၈၈၆၀)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် ရပ်ကျေးစာရေးများမှ လှူဒါန်းငွေကျပ်သိန်း (၂၀၀၀၀၀၀)၊ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး အလှူခံဌာနမှ လှူဒါန်းငွေကျပ်သိန်း (၄၁၀၃၀၀၀)၊ မွန်းဆန်းဓာတ်ဆီဆိုင်မှ လှူဒါန်းငွေကျပ်(၃)သိန်း၊ ကမ္ဘောဇဘဏ်မှ လှူဒါန်းငွေကျပ် (၂)သောင်း၊  စုစု‌ပေါင်းလှူဒါန်းငွေကျပ်သိန်း (၄၈၈၃၁၈၆၀) ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)