တပ်ကုန်း နိုဝင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ရာသီတွင် ပြောင်းသီးနှံများဖြစ်သည့် အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်းစုစုပေါင်း ၁၆၇၀ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တပ်ကုန်းမြို့နယ်အတွင်း ဒေသခံတောင်သူများ ပြောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး အတွက် ပြောင်းသီးနှံထွက်နှုန်းကောင်း မျိုးကောင်း၊ မျိုးသန့်များ သုံးစွဲရေးနှင့် စိုက်စနစ် မှန်ကန် ရေး၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲနိုင်ရေး၊ ပြောင်းသီးနှံများ စီးပွား ဖြစ်စိုက်ပျိုးနိုင်ရေး၊ ပြောင်းသီးနှံများ အရည်အသွေးကောင်းရရှိရေး၊ အထွက်နှုန်းရရှိရေး၊ နည်းပညာရပ်များ ရယူသုံးစွဲနိုင်ရေးနှင့်စျေးကွက်ဝင် ပြောင်းသီးနှံများကို စိုက်ပျိုးကြရေးကိုလည်း စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တပ်ကုန်းမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပြောင်းသီးနှံများ လျာထားစိုက်ပျိုးမှုအနေဖြင့် အစေ့ထုတ်ပြောင်း ၈၄၀ ဧက၊ ဖူးစားပြောင်း ၈၃၀ ဧက စိုက်ပျိုးမည်ဖြစ်ပြီး မြို့နယ် အတွင်းသာမက ပြည်တွင်းပြောင်းသီးနှံဖူလုံရေးအတွက် ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ အောင်မြင်အောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်