တံတားဦး နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အနောက်ရပ်၊ တောင်ရပ်မိသားစု (၈၆)ကြိမ်မြောက် သံဃာ့ဒါနဆွမ်းလောင်းလှူပွဲကျင်းပပြီး စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့နံနက်(၈)နာရီက သူငယ်တော်ကျေးရွာ ကူတော်ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ပစ္ဆိမမုနိန္ဒဆုတောင်းပြည့် ဘုရားပရဝုဏ်အတွင်း၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ ပင့်လျှောက်၍ ကြွရောက်တော်မူလာကြသည့် သဆရာတော်သံဃာတော် (၁၀၈)ပါး အား ဆွမ်း၊ ဆွမ်းဟင်းများ၊ စရေးတံမဲများဖြင့် လောင်းလှူကြသည်။ ထို့နောက်ဆရာတော်(၂၃)ပါးအား အနောက်ရပ်၊ တောင်ရပ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ကူတော်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပရာ ပင့်လျှောက်၍ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်များ၊ တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပေးကြပြီး၊ တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က သူငယ်တော်ကျေးရွာ ကျောင်းသစ်ကျောင်းဆရာတော် ဘဒ္ဒန္တ ဇောတိကထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ကထိန်ဖြစ်ရေးကော်မတီဝင် ဦးညွန့်လွင်က ကူတော်ကျောင်းဆရာတော် ဘဒ္ဒန္တ ပဏ္ဍဝထံသို့ ကထိန်လျာသင်္ကန်းကို ဆက်ကပ်လှူဒါန်းပေးသည်။ ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းမေတ္တာပရိတ်တရားတော်များ ချီးမြှင့်ပေးသည်။ ဆက်လက်၍ ကျောင်းသစ်ကျောင်းဆရာတော်က ကထိန်အနုမောဒနာတရားချီးမြှင့်ပေးပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှပေးဝေကြသည်။
သူငယ်တော်ကျေးရွာအနေဖြင့် (၈၆) ကြိမ်မြောက် အနောက်ရပ်၊ တော်ရပ်မိသားစုဘုံကထိန်ပွဲတော်တွင် ကူတော်ဆရာတော်အား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်စ္စည်းများနှင့်အတူ ဝတ္ထုအလှူငွေကျပ်(၁၂)သိန်းကျော်ကိုလည်းကောင်း၊ အရံတစ်ပါးလျှင်ငွေကျပ်(၅)သောင်းကျပ် ပင့်သံဃာ(၂၂)ပါးကိုလည်းကောင်း၊ ကျေးရွာရှိ သာမဏေ(၂၃)ပါးအား တစ်ပါးလျှင်ငွေကျပ်(၁)သောင်းကျပ်ကိုလည်းကောင်း လှူဒါန်းနိုင်ခဲ့ကြောင်း၊ ဒါ့အပြင် သူငယ်တော်ကျေးရွာ အရှေ့ရပ်၊ မြောက်အရပ် မိသားစုတို့၏ (၈၆)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်အား နိုဝင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ရွာလည် မြတစ်သိန်းတန် ဆုတောင်းပြည့်ဓမ္မာရုံ၌ ကျင်းပရာ ကထိန်လျာသင်္ကန်းအား သူငယ်တော်ကျေးရွာ ကံရိုးကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍိထံသို့ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်စ္စည်းများနှင့်အတူ ဝတ္ထုအလှူငွေကျပ်(၁၈)သိန်းကျော်ကိုလည်းကောင်း၊ အရံတစ်ပါးလျှင်ငွေကျပ်(၇)သောင်းကျပ် ပင့်သံဃာ(၂၂)ပါးကိုလည်းကောင်း၊ ကျေးရွာရှိ သာမဏေ(၂၃)ပါးအား တစ်ပါးလျှင် ငွေကျပ်(၂)သောင်းကျပ်ကိုလည်းကောင်း လှူဒါန်းနိုင်ခဲ့ပါကြောင်း အသီးသီး လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)