တောင်ဥက္ကလာပ နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဥက္ကလာပစေတီတော်မြတ်ကြီး၊ ရှေးဟောင်း ခုနှစ်ဆူဘုရားနှင့် အောင်တော်မူစေတီ (၂၁) ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်နှင့် (၁၄) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၁၄) ရက်နေ့ ညနေ (၄) နာရီခွဲအချိန်က ဥက္ကလာပစေတီတော်မြတ်ကြီး၏ သုဒသနရင်ပြင်၌ ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဥက္ကလာပစေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးကိုက တန်ဆောင်မုန်းလတွင် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပြိုင်ပွဲကျင်းပ၍ မြတ်စွာဘုရားအား ကပ်လှူပူဇော်ပုံ သမိုင်းအကျဉ်းကို ရှင်းလင်းတင်ပြပြီး ဥက္ကလာပစေတီတော် အမျိုးသမီးဓမ္မစကြာအဖွဲ့မှ မင်းကွန်းဆရာတော်ကြီး၏ အရပ်(၁၀)မျက်နှာ မေတ္တာပို့ရွတ်ဆိုပူဇော်ခဲ့ကြပါသည်။
အဆိုပါ မသိုးရွှေကြာသင်္ကန်းရက်လုပ်ပြိုင်ပွဲ အခမ်းအနားကို သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂)၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂)၊ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ရက်ကန်းပြိုင်ပွဲဝင်အဖွဲ့ဝင်များက နေရာယူ ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)