တာချီလိတ် နိုဝင်ဘာ ၁၆
စဉ်လာမပျက် ဆင်နွှဲပျော်ခဲ့သည့် လမြတ်တန်ဆောင်တိုင်ပွဲတော်ကြီးသည် မြတ်ဗုဒ္ဓဘုရားရှင်ကိုရည်မျှော်၍ ဆီမီးပူဇော်ထွန်းညှိခြင်း၊ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းခြင်း၊ သာမညဖလသုတ်တော်ကို ရွတ်ဖတ်ပွဲများကျင်းပခြင်း၊ ပံ့သကူပစ်ခြင်း၊ စတုဒိသာကျွေးခြင်း၊ ဆေးပေါင်းခသည့် မဲဇလီဖူးသုပ်များ ဝေငှပေးကြခြင်း၊ ပဒေသာပင်များလှူဒါန်း၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကြသည့် မြန်မာ့ရိုးရာလှူဒါန်းပွဲကြီး ပြုလုပ်ကြသည့်ကာလဖြစ်သည်။
တာချီလိတ်မြို့၌ တန်ဆောင်မုန်းလပြည့်နေ့နံနက်ပိုင်းတွင် ပဒေသာပင်များအား မြို့တွင်းစီတန်းလှည့်လည်ပြီး သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာ တရားများနာကြားခဲ့ကြပြီး ညနေ ၅ နာရီတွင် တာချီလိတ်မြို့ကျက်သရေဆောင် ရွှေတိဂုံစေပေါ်၌ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ ခေတ္တစစ်ဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးသန့်လှိုင်ဝင်းနှင့် တပ်နယ်မှတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတလူမှုကူညီရေးအသင်းများ၊ ဒေသနေတိုင်းရင်းသားပြည်သူများက ဆီးမီး ၉၀၀၀ ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံ ၁၅၀၀ လွှတ်တင်ခြင်းများ ဝိုင်းဝန်းကုသိုလ်ပြု ဆောင်ရွက်ကာ ရွှေတိဂုံစေတီတော်ရင်ပြင်အတွင်း ခင်းကျင်းထားသည့် စတုဒိသာ မဏ္ဍပ်များအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့ပြင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)အနီးရှိ ရွှေဝါနဒီပန်းခြံရှိ ရေချောင်းအတွင်း လွိုင်ကထုံပွဲတော်(ဆီမီးမျှောပွဲတော်)တွင် မြို့နေဒေသခံတိုင်းရင်းသားပြည်သူများက ဆုတောင်းဆီမီးမျှောခြင်း၊ ပံ့သကူပစ်ခြင်းများနှင့် ရပ်ကွက်တစ်ချို့တွင် နိဗ္ဗာန်ဈေးပွဲတော် ခင်းကျင်းခြင်းများဖြင့် တန်ဆောင်မုန်းလပြည့်နေ့သည် ကုသိုလ်ပြုသူများဖြင့် အထူးစည်ကား များပြားခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)