ညောင်ဦး နိုဝင်ဘာ ၁၆
ညောင်ဦးမြို့၊ အံ့ဖွယ်ကိုးစုံ ရွှေစည်းခုံစေတီတော်၏ (၉၆၅)ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘုရားအမှူးရှိသော သံဃာတော်၊ သာမဏေ စုစုပေါင်း ၇၇၇ ပါးတို့အား ဆွမ်းသပိတ်လုံးနှင့် ငွေပဒေသာပင်များ ဆက်ကပ်လောင်းလှူပွဲကို ယမန်နေ့ နံနက် ၇ နာရီက ရွှေစည်းခုံစေတီတော် အင်္ဂါထောင့်မဏ္ဍပ်၌ ကျင်းပသည်။
ဆွမ်းသပိတ်လုံးနှင့် ငွေပဒေသာပင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် အဖွဲ့ဝင်များ၊ ရွှေစည်းခုံစေတီတော် ဂေါပကဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ဘုရားအမှူးရှိသော သံဃာတော်၊ သာမဏေ စုစုပေါင်း ၇၇၇ ပါးတို့အား ဆက်ကပ်လောင်းလှူကြသည်။
ပုဂံမင်းဆက် (၅၅) ဆက်ရှိသည့်အနက် (၄၂) ဆက်မြောက် အနော်ရထာမင်းတရားကြီးက ရွှေစည်းခုံစေတီတော်ကို ကောဇာသက္ကရာဇ် ၄၂၁ ခုနှစ် တပို့တွဲလဆန်း (၁၀) ရက် ၁၄-၁-၁၀၆၀ ရက်နေ့တွင် တည်ထားကိုးကွယ်ခဲ့သည်။ ပုဂံဒေသတွင် အနော်ရထာမင်းကြီးက ဘုရား၊ စေတီ (၁၅)ဆူတည်ထားခဲ့ရာ ရွှေစည်းခုံစေတီတော်သည် နောက်ဆုံးတည်ထားခဲ့သော စေတီဖြစ်သည်။ နောင်နှစ်ပေါင်း (၃၀) အကြာတွင် ကျန်စစ်သားမင်းကြီးက ကောဇာသက္ကရာဇ် ၄၅၁ ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၃) ရက် ၁၈-၁၀-၁၀၈၉ ရက်နေ့တွင် မူလစေတီကို ငုံ၍တည်ခဲ့သည်။ ကောဇာသက္ကရာဇ် ၄၅၂ ခုနှစ် ကဆုန်လပြည့် ၁၅-၄-၁၀၉၀ ရက်နေ့တွင် ပြီးစီးခဲ့သည်။ လက်ရှိမြင်တွေ့ဖူးမြော်ကြည်ညိုနေရသော စေတီတော်ကြီးကို ကျန်စစ်သားမင်းကြီးက ၆ လ ၃ ရက်နှင့် အပြီးတည်ဆောက်ခဲ့သည်။ ပုဂံဒေသတွင် ကျန်စစ်သားမင်းကြီးက ဘုရား၊ စေတီ (၂၄) ဆူ တည်ထားခဲ့သည်အနက် ရွှေစည်းခုံစေတီတော်သည် (၁၃)ဆူမြောက်စေတီဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)