တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊ ဆက်ကပ်လှူဒါန်းပွဲနှင့် စူဠာမုနိလောကချမ်းသာစေတီတော် ဘက်စုံပြင်ဆင်မှုအောင်ပွဲ၊ မဟာဘုံကထိန် တရားနာရေစက်ချပွဲ ကျင်းပ

တောင်ကြီး နိုဝင်ဘာ ၁၆

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၁၄ ရက် ညနေ(၅)နာရီက တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာစေတီတော်ဘုရား ရင်ပြင်တွင် ကျင်းပသည်။

မသိုးသင်္ကန်းရက်လုပ်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူများသည် ဓမ္မဓိန္နာစင်တော်၊ ဂေါတမီစင်တော်၊ သုဇာတာစင်တော်၊ သာမာဝတီစင်တော်၊ ဥပ္ပလဝဏ်စင်တော်တို့တွင် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းသူလေးများက မသိုးသင်္ကန်းရက်လုပ်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှူ့အားပေးကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများသည် ရှမ်းစာပေယဥ်ကျေးမှုအဖွဲ့မှ ကိန္နရီ၊ ကိန္နရာ၊ တိုးနယားအကများဖြင့် ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းနောက် နိုဝင်ဘာ(၁၅)ရက် နံနက်(၄)နာရီက တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာစေတီတော်၌ စူဠာမုနိလောကချမ်းသာဗုဒ္ဓရုပ်ပွားတော်မြတ်အား မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တာဝန်ရှိသူများအား ရက်လုပ်ပြီး မသိုးသင်္ကန်းများ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဦးဆောင်၍ စူဠာမုနိဘုရား တစ်ပတ်လှည့်လည်ပြီး စေတီအတွင်းရှိ ရုပ်ပွားတော်(၄)ဆူအား မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပေးကြသည်။

ထိုနောက် ဆရာတော်သံဃာတော်များက ဗုဒ္ဓဘိသေကအနေကဇာတင်ပေးကြပြီး အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်၍ နိုင်ငံတော်သြဝါဒါစရိယ၊ တောင်ကြီးမြို့ ကံသာရပ်ကွက်စွန်းလွန်းဂူ ကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ပွားများအပ်သော မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ စူဠာမာနိလောကချမ်းသာစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးညိုလုံးက စေတီတော်ဘက်စုံပြင်ဆင်မှုနှင့်စပ်လျဥ်း၍ တင်ပြလျှောက်ထားပြီး ဆရာတော်၊ သံဃာတော်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး တောင်ကြီးမြို့၊ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) ဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်ပေးကြကြောင်း သိရသည်။

၎င်းနောက် အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရား၊ မြို့လယ်ဓမ္မာရုံကြီး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ ကျင်းပရာ အခမ်းအနားကို ဆရာတော်၊ သံဃာတော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ စွန်းလွန်ဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓနာနာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ပွားများအပ်သော မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို နာယူကြည်ကြသည်။

ယင်းနောက် ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဆရာတော်သံဃာတော်များအား ဆက်ကပ်လှူဒါန်းပေးကြပြီး ကထိန်သင်္ကန်းအလှူခံရရှိသော ဘုန်းကြီးကျောင်းများအား ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များတို့က ဆက်ကပ်လှူဒါန်းပေးကြရာ ကထိန်အညွှန်းအား ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) ဘဒ္ဒန္တတေဇဝန္တမှညွှန်းပေး၍ လှူဒါန်းမှုအစုစုအတွက် ဆရာတော်ကြီးထံ အနုမောဒဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းရုပ်သိမ်းလိုက်ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရှိသည်။

အဆိုပါ ၂၀၂၄ခုနှစ် (၇၄) ကြိမ်မြောက် တောင်ကြီးမြို့၊ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတွင် အလှူရှင်များ ထည့်ဝင်လှူဒါန်းမှုမှာ ပဒေသာပင် (၉၉) ပင် တန်ဖိုးငွေသား (၃၈၈၈၇၀၀၀) ကျပ်နှင့် ပစ္စည်းမျိုးစုံတန်ဖိုးငွေ (၁၀၂၂၂၈၈၀၀) ကျပ် စုစုပေါင်းငွေသား၊ ပစ္စည်းမျိုးစုံတန်ဖိုးငွေကျပ် (၁၄၁၁၁၅၈၈၀၀)သိန်း ရရှိကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)