မိုင်းယု နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၏ သမိုင်းဝင်အထင်ကရဖြစ်သည့် ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲနှင့် ကျောင်းဆောင်သစ်ရေစက်ချမင်္ဂလာအခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်၍ ယမန်နေ့မနက်ပိုင်းထိ သုံးရက်တိုင်တိုင် ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာအနီးရှိ ဟိုခိုဘုန်းကြီးကျောင်း၌ ကျင်းပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဘုရားပွဲတော်နှင့်ကျောင်းဆောင်သစ်ရေစက်ချမင်္ဂလာပွဲသို့ အလှူရှင်ဥပါသကာများက စေတီတော်ကြီးနှင့် ဆရာတော်သံဃာတော်များထံ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်များနာယူကြခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် စုပေါင်းရေစက်သွန်းချအမျှပေးခြင်း၊ သက်ကြီးဘိုးဘွားများ ဉပုဒ်သီလစောင့်တည်ကြခြင်းနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ဘုရားဖူးပြည်သူများက စေတီတော်ကြီးအား ဖူးမျှော်ကြည်ညိုခြင်းနှင့်အတူ ပွဲဈေးလည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြသည်။
ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀)ကျော်ခန့်က တည်ထားကိုးကွယ်ခဲ့သည့် မိုင်းယုမြို့၏သမိုင်းဝင် ဘုရားတစ်ဆူဖြစ်ပြီး ထိုမှတဖန် မူလစေတီအား မပျက်စီးစေပဲ ငုံလျက် အသစ်မွမ်းမံတည်ဆောက်ခဲ့ရာ သက္ကရာဇ် ၁၃၈၀ ခုနှစ်၊ တပို့တွဲလဆန်း(၁၃)ရက်နေ့၌ စေတီတော်ကြီးအား အသစ်မွန်းမံတည်ဆောက်ပြီးစီး၍ ရေစက်ချ အမျှဝေခဲ့ကြကြောင်းနှင့် စေတီတော်မြတ်ကြီး၏ ယခုလက်ရှိ ဉာဏ်တော်အမြင့်မှာ ၅၃ ပေဖြစ်ပြီး ခြေတော်အချင်းမှာ (၁၁)ပေဖြစ်ကြောင်း စေတီကြီး၏ ကျောက်စာမှတ်တမ်းများအရ သိရသည်။
ကိုကိုနိုင်