ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်သို့ လာရောက်ကြည့်ရူသူများဖြင့် စည်ကား

ရန်ကုန် နိုဝင်ဘာ ၁၆

တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်အား နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ ညနေပိုင်းတွင် ဈေးလာရောက်ဝယ်ယူသူများ၊ ညပိုင်းတွင် ဂီတပွဲတော်လာရောက်ဆင်နွှဲသူများ၊ မီးပုံးပျံလွှတ်တင်မှုအား လာရောက်ကြည့်ရူသူပြည်သူများဖြင့် စည်းကားခဲ့သည်။

ဦးစွာ ညနေပိုင်းတွင် MSME လုပ်ငန်းများနှင့်ဆက်စပ်သည့် ဈေးဆိုင်ခန်းများနှင့် အထူး Promotion အနေဖြင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ငါးနှင့်ငါးထွက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနေမှုကို ပြည်သူများက လာရောက်ဝယ်ယူကြသည်။

ညပိုင်းတွင် နိုင်ငံကျော်တေးသံရှင်များက တေးသီချင်းများ၊ ဒီဂျေ(DJ) များဖြင့် ဖျော်ဖြေတင်ဆက်ကြရာ လူငယ်လူရွယ်များက ကြည့်ရှုအားပေး၍ ပျော်ရွှင်စွာဖြင့် အတူလိုက်ပါသီဆိုကခုန်ခြင်းများဖြင့် ပျော်ရွှင်စွာဆင်နွှဲကြသည်။

ထို့နောက် မီးပုံးပျံအသေးများအား ပြည်သူများလွှတ်တင်နိုင်ရေး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက(အခမဲ့) လိုက်လံဝေငှာပေးကြရာ ပြည်သူများက မီးပုံးပျံများစုပေါင်းလွှတ်တင်မှုနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်စာတမ်းပါ မီးပုံးပျံအကြီးအား လွှတ်တင်ကြရာ ပြည်သူများ ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲကြသည်။

ထိုသို့မီးပုံပျံလွှတ်တင်မှုနှင့်အတူ အလှဆင်မီးများဖြင့် အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ သီတာထွန်းအမည်ရှိဆင်မကြီးနှင့် အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဈေးနုန်းချိုသာစွာဖြင့် ကွင်းတပတ်ဆင်စီးခြင်းများဖြင့် ပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

မီးထွန်းပွဲနှင့်ဈေးရောင်းပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက လာရောက်ကြည့်ရူအားပေးကြပြီး ဈေးရောင်းချနေမှုများနှင့် ဈေးဝယ်လာသူများ၊ ပွဲတော်သို့ လာရောက်လည်ပတ်ကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ကိုယ်တိုင်လည်း ဝယ်ယူအားပေးကြသည်။

အဆိုပါ ဈေးရောင်းပွဲတော်အား နံနက် ၉ နာရီမှ ည ၉ နာရီထိလည်းကောင်း၊ စတိတ်ရှိုးတေးဂီတနှင့် (DJ) တင်ဆက်မှုများအား နံနက် ၁၀ နာရီမှ ည ၉ နာရီထိလည်းကောင်း ကျင်းပခဲ့ကြောင်းနှင့် အလှူရှင်များက နံနက်၊ နေ့လယ်နှင့် ညပိုင်းများတွင် စတုဒီသာအကျွေးအမွေးများဖြင့် ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)