မန္တလေး နိုဝင်ဘာ ၁၅
မန္တလေးမြို့ မဟာမုနိရှပ်ရှင်တော်မြတ်ကြီးအား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော်ရက်လုပ်လှူဒါန်းပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မဟာမုနိဘုရားကြီးရင်ပြင်တော် မိုးကောင်းဓမ္မာရုံမဏ္ဍပ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများ၊ မဟာမုနိဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းနှင့်အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ရင်ပြင်တော်တွင်ကျင်းပသည့် မသိုးမြတ်သင်္ကန်းတော်ရက်လုပ်လှူဒါန်းပူဇော်ခြင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရက်ကန်းပညာရှင်၊ စက်ချုပ်ပညာရှင်၊ လုပ်အားဒါနပြုအဖွဲ့အား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ မသိုးမြတ်သင်္ကန်း အဆင့်ဆင့်ရက်လုပ်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီးခဲ့ကြသည်။
အဆိုပါ မသိုးမြတ်သင်္ကန်းတော်ကို ဗိုင်းငင်ဝါဖတ်မှစတင်၍ ရက်ကန်းစင်တော်များဖြင့် ညတွင်းချင်း အဆင့်ဆင့်ရက်လုပ်ကာ တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်