မော်လမြိုင် နိုဝင်ဘာ ၁၅
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂ဝ၂၄ ခုနှစ်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ မဟာမြတ်မုနိဘုရားဝင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြန်မာနိုင်ငံ၏ ရိုးရာမပျက် ကျင်းပကြသည့် ပွဲတော်များမှာ တန်ဆောင်တိုင်မီးထွန်းပွဲတော်သည် ထင်ရှားစည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်လျက်ရှိသည့် ပွဲတော်ဖြစ်ကြောင်း၊ မိုးလေကင်းလွတ်ပြီး သာယာမျှတသည့် ပွင့်လင်းရာသီမှာ အများပြည်သူ ပိုမိုပျော်ရွှင်ဝမ်းမြောက်စွာ ဆင်နွှဲနိုင်ဖို့ ရည်ရွယ်ပြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်နဲ့ MSME ဈေးရောင်းပွဲတော်ကို ယခုနှစ်မှာ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်အနေဖြင့် တန်ဆောင်တိုင်ပွဲတော်ကို မြို့နယ်အလိုက် ကျင်းပခဲ့ကြပြီး မော်လမြိုင်မြို့အနေဖြင့် ကျိုက်သလ္လံ၊ ကျိုက်သုတ်ဘုရားပွဲတော်များ၊ ဆွမ်းအိုးမျှောပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်း၊ စတုဒီသာအလှူများ ကျွေးမွေးခြင်းတို့ဖြင့် ဒေသ၏ပွဲတော်ရိုးရာဓလေ့များကို အစဉ်အလာမပျက် ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိဒေသ၏ ယဉ်ကျေးမှုအစဉ်အလာများကို ထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် မြို့ရွာသာယာပြီး ပြည်သူများ ပျော်ရွှင်ကြည်နူးရသည့်အပြင် စီးပွားရေးတိုးတက်မှု၊ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာမှုများကိုလည်း အထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့က ၂ဝ၂၄ ခုနှစ်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်ပြည်နယ်အတွင်းရှိ စက်ရုံ အလုပ်ရုံများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ထုတ်ကုန်များ၊ ဒေသထွက်ရိုးရာအစားအစာများအား ရောင်းချနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ အထိ (၃)ရက်ကြာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)