တာချီလိတ်မြို့နယ် မယ်ဖုံးလုံကျေးရွာ လျှပ်စစ်မီးစတင်အသုံးပြုခြင်း အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

တာချီလိတ် နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ မယ်ဖုံးလုံကျေးရွာ၌ ကျေးရွာလျှပ်စစ်မီး စတင်အသုံးပြုခြင်း အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မယ်ဖုံးလုံ ဘုရားကျောင်း အသင်းတော်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ရာ တာချီလိတ်ခရိုင်၊ လျှပ်စစ်အင်ဂျင်နီယာ ဦးမိုးဇော်လှိုင်၊ တာချီလိတ်မြို့နယ်၊ မြို့မီလင်းရေးဦးဆောင် ကုမ္မဏီ အတွင်းရေးမှူး ဦးစိုင်းဆမ်ဆုနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အခမ်းအနားတွင် တာချီလိတ်မြို့နယ်၊ မြို့မီလင်းရေးဦးဆောင်ကုမ္မဏီ အတွင်းရေးမှူး ဦးစိုင်းဆမ်ဆုက အဖွင့်အမှာစကား ပြောကြားပြီး၊ တာချီလိတ်ခရိုင်၊ လျှပ်စစ်အင်ဂျင်နီယာ ဦးမိုးဇော်လှိုင်က ကျေးရွာတွင် လျှပ်စစ်မီးများ ရရှိပြီဖြစ်သည့်အတွက် ကျေးရွာပြည်သူများ လျှပ်စစ် မီးများကို စနစ်တကျ သုံးစွဲတတ်ရန်နှင့် သတိထားဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်း ပြောကြားကာ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။ ထို့နောက် မယ်ဖုံးလုံကျေးရွာမီးရရှိရေးအတွက် အဖက်ဖက်မှ ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသူများအား မိုင်းကိုးကျေးရွာအုပ်စု ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်လုံ ကျဖေ့က ဂုဏ်ပြမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး မယ်ဖုံးလုံ ယဉ်ကျေးမှုမောင်မယ်အဖွဲ့မှ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။

အဆိုပါ ကျေးရွာ မီးရရှိရေးအတွက် ၁၆၀ ကေဗွီအေ ထရမ်စဖော်မာ ၁လုံး၊ ၄၀၀ ဗို့အားလိုင်း နှစ်မိုင်ကို ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ၏ လမ်းညွှန်မှု၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၏ ပေါင်းစပ်ကူညီမှုနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့မှုကြောင့် ကျေးရွာရှိအိမ်ခြေ ၁၀၉ အိမ်မှ ဒေသခံကျေးရွာပြည်သူများအနေဖြင့် ကျေးရွာတွင် လျှပ်စစ်မီးရရှိခဲ့ပြီဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်လျက်ရှိကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)