နမ့်စန်(တ) နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၆၂)ကြိမ်မြောက် မြို့နယ်လုံး ဆိုင်ရာ စုပေါင်းမဟာဘုံကထိန်လှည့်လည်အပူဇော်ခံပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်(၅)ခု၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များယာဉ်လိုင်းများနှင့် အခြားအလှူရှင်ပြည်သူများက မိမိတို့၏ ကထိန်ပဒေသာပင် စုစုပေါင်း (၇၀)ကျော်ကို အမှတ်(၄)ရပ်ကွက် မြို့ဦးသီရိမင်္ဂလာကျောင်းတိုက်ရှေ့မှစတင်ကာ မြို့နယ်ခန်းမအထိ အိုးစည်၊ ဒိုးပတ်၊ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် တီးမှုတ်ကခုန်ကာ ပြည်ထောင်စုလမ်းမကြီး တလျှောက် မြို့တွင်းလှည့်လည် အပူဇော်ခံခဲ့ကြပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း၍ အေးချမ်းစွာ လှည့်လည်အပူဇော်ခံနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့များနှင့် ယာဉ်ထိန်းတပ်ဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါပဒေသာပင်များကို တန်ဆောင်မုန်းလပြည့်နေ့ နေ့လယ် (၁) နာရီအချိန်တွင် မြို့နယ်ခန်းမ၌ သံဃာတော်အရှင်သူမြတ်တို့ထံတွင် ရေစက်ချတရားနာ၍ မဲနှိုက်ကာ အလှူရှင်များက မိမိတို့မဲပေါက်သော ဘုန်းကြီးကျောင်းများသို့ သွားရောက်ပို့ဆောင်လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)