ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲ အခမ်းအနား ပြည်သူ့ရင်ပြင်၌ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊တိုင်းဒေသကြီး ဝန်ကြီးများနှင့်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UMFCCIနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် တိုင်းရင်းသား၊တိုင်းရင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလို ဈေးရောင်းပွဲတော်များနှင့် ပြပွဲများ ကျင်းပခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးတွင် အသေးစား၊ အငယ်စား၊ အလတ်စား (MSME)လုပ်ငန်းများသည် အဓိက မောင်းနှင်အားဖြစ်သည့်အလျောက် MSMEလုပ်ငန်းများ ထူထောင်လုပ်ကိုင်မှုကို အားပေးရန်လိုအပ်ပြီး MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်အား တိုင်းဒေသကြီး အစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီးစီပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် စက်မှုဇုန်ဥက္ကဋ္ဌများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

၎င်းနောက် ကရင်ရိုးရာအကအဖွဲ့၊ ဘင်ခရာအဖွဲ့များ၊ ပန်းပွားအဖွဲ့များက တီးခတ်တင်ဆက် ကပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်သည်တော်များက ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု၍ ဝယ်ယူအားပေးကြ​သည်။

ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကြီးအား နိုဝင်ဘာ ၁၆ ရက်အထိ (၃)ရက်တိုင်တိုင် နေ့စဉ် နံနက်(၈)နာရီမှ ည(၁ဝ)နာရီအထိ ကျင်းပသွားမည်ဖြစ်​သည်။

အဆိုပါ ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများ ရောင်းချသည့် ဆိုင်ခန်းများ၊ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း (၅၅၄)ခန်း ပါဝင်ပြသရောင်းချလျက်ရှိသည်။

ထို့ပြင် လုံခြုံရေးကိုလည်း စနစ်တကျ စီစဉ်ထားပြီး မီးပုံးပျံလွှတ်တင် အစီအစဉ်များ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ကျော်ကြားသော အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် YBS များဖြင့် အကြို/အပို့ကားများလည်း စီစဉ်ဆောင်ရွက်ထားရှိကြောင်း သတင်းရသည်။

‌အောင်မြင့်(ပြန်/ဆက်)