မိုင်းဆတ် နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၏ စုပေါင်းမဟာဘုံကထိန်လှည့်လည်ပူဇော်ခြင်းကို နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက်(၇)နာရီခွဲအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဉီးစွာ မဟာဘုံကထိန်ပဒေသာပင်များအား အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ မယ်ဆွမ်တောင်-မယ်ဆွမ်မြောက်ရပ်ကွက် မြို့တွင်းအနော်ရထာလမ်းမကြီးတစ်လျှောက် လေယာဉ်ကွင်းပတ်လမ်းမှတစ်ဆင့် ဝိန်းနေရပ်ကွက်(အောင်ချမ်းသာရွာ)ရှိ လောကချမ်းသာဘုန်းကြီးကျောင်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် လောကချမ်းသာဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဇာဇာမျိုးဉီးဆောင်သော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဧည့်ပရိသတ်အပေါင်းက ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်းသိရသည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်တွင် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ စုပေါင်းလှူဒါန်းသည့် ငွေသားနှင့် ပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း(၃၀)ကျော်တန်ဖိုးရှိ ပဒေသာပင်(၅)ခု လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)