ဝမ်းတွင်း နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြီးမှူး၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ အလှူရှင်များ ပါဝင်လှူဒါန်းသော စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးအရာရှိ ဗိုလ်ကြီးဝေယံကျော်၊ တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧည့် ပရိသတ်အပေါင်းက ဆရာတော်ကြီးများထံမှ ငါးပါးသီလဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြပြီး ဆရာတော်ကြီးများအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မိုးပေါ်ကျ စုပေါင်းမဟာဘုံကထိန်တော်တွင် မြို့နယ်အတွင်းရှိ ကထိန်မရရှိသည့် ဘုန်းကြီးကျောင်း (၇)ကျောင်းမှ ဆရာတော်များအား ကထိန်သင်္ကန်းနှင့် (၁၀၉၁၁၇၀၀)ကျပ် တန်ဖိုးရှိ ပဒေသာပင် လှူဖွယ်ဝတ္တုပစ္စည်းများ၊ နဝကမဝတ္တုငွေ(၁၀၅၁၅၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုး(၂၁၄၂၆၇၀၀)ကျပ်ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဧည့်ပရိသတ်အပေါင်းတို့မှ ဆရာတော် သံဃာတော်များထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဠတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ စတုတ္ထအကြိမ်မြောက် မိုးပေါ်ကျစုပေါင်း မဟာဘုံကထိန်ပွဲတော် ကျင်းပခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးအရာရှိ ဗိုလ်ကြီးဝေယံကျော်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)