ပြင်ဦးလွင်မြို့နယ် ရွှေစာဝိုင်းကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်‌ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပြင်ဦးလွင် နို၀င်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေစာဝိုင်းကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို နို၀င်ဘာ ၁၃ ရက်နေ့ နံနက် (၉)နာရီက ရွှေစာဝိုင်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်၊ စာရေးဆရာ ကိုရွှေအောင်သင်းနှင့် ဗမာစာပေချစ်မြတ်နိုးသူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေတို့က အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ပြီး ကျောင်းသား/ ကျောင်းသူများနှင့် အုပ်ချုပ်သူများ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ငွေရှာနည်းနှင့်ငွေသုံးနည်း၊ ဆန်တိုရီနီအေသင်နှင့် ဂရိတစ်ခွင်ခရီးနှင်၊ မျှော်လင့်ခြင်းဖတ်စာ၊ စိတ်ကိုအဆိပ်ထုတ်ခြင်း၊ မျှဝေလိုသောအတွေးများ၊ စိတ်ဓာတ်နှင့်နည်းနာ၊ နောင်တရဲ့အဝေးမှာ လူတိုင်းကြိုက်ဖို့မလိုဘူး၊ သူတို့ဘာကြောင့် ကမ္ဘာကျော်တာလဲ၊ ဘ၀အိုအေစစ်၊ ချုံကြားမှဘုံဖျားသို့၊ ဂရုမစိုက်ခြင်းအနုပညာ၊ စွန့်လွှတ်ခြင်းသည်အောင်မြင်ခြင်း၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်၊ သင့်ဘ၀အောင်မြင်ရေးလှေကားထစ်များ၊ ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်၊ ငါ့အတွက်ငါရှိတယ် စသည့်  စာအုပ်(၁၇)အုပ်ကို  ကျောင်းသား/ကျောင်းသူ (၁၇)ဖွဲ့မှ ဆွေး‌နွေးယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုစာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို (၁၃.၁၁.၂၀၂၄)ရက်နေ့မှ (၁၄.၁၁.၂၀၂၄)ရက်နေ့အထိ (၂)ရက်တိုင်တိုင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သွေးသွေး(ပြန်/ဆက်)