အမရပူရ နိုဝင်ဘာ ၁၄
အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာအရည်အသွေးတိုးတက်ကောင်းမွန်စေရန် တောင်သူများမိမိလယ်ယာမြေတွင် သစ်စိမ်းမြေဩဇာစိုက်ပျိုးထည့်သွင်းအသုံးပြုလာစေရေး နည်းပညာပေးဆွေးနွေးပွဲကို ဆောက်တောဝကျေးရွာအုပ်စု၊ ဆောက်တောဝ(တောင်)ရွာ၊ ဓမ္မာရုံတွင် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူးဒေါက်တာမိုးဆွေရည်မှ ဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် တောင်သူများ၏ လူမှုစီးပွားဘဝအရင်းအမြစ်ဖြစ်သော လယ်ယာမြေများ အရည်အသွေးလျော့ကျ၊ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် တောင်သူများနှင့်တွေ့ဆုံ၍ နည်းပညာဆွေးနွေးပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ ဆောက်တောဝကျေးရွာ၊ အုပ်ချုပ်ရေးမှူးဦးသန်းနိုင်မှ ယခုကဲ့သို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများတွေ့ဆုံ၍ နည်းပညာဆွေးနွေးပွဲများပြုလုပ်ဆောင်ရွက်ခြင်းအားကျေးဇူးတင်ဝမ်းမြောက်ကြောင်းနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန်ဌာနနှင့် အမြဲဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုလက်ထောက်ကြီးကြပ်ရေးမှူး၊ ဦးဝင်းထက်နိုင်မှ
သစ်စိမ်းမြေသြဇာသုံးစွဲရန်လိုအပ်သည့်အကြောင်းရင်း၊ သစ်စိမ်းမြေသြဇာ အဖြစ်အသုံးပြုနိုင်သည့်မျိုးများ၊ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းနှင့်အကျိုးကျေးဇူးများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း (၃၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)