မော်လမြိုင် နိုဝင်ဘာ ၁၃
မွန်ပြည်နယ်အတွင်း ဆောင်းဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာတို့အား ပိုမိုအလေးထား စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများ သီးနှံအထွက်တိုးဝင်ငွေတိုးပွားစေရန်နှင့် ဒေသတွင်းစားသုံးဆီဖူလုံမှုစေရန် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆီထွက်သီးနှံ မြေပဲ ၂၈၆၅၉ ဧက၊ နှမ်း ၂၁၇၂ ဧကနှင့် နေကြာ ၁၂၃၂၃ ဧကတို့အား ပိုမိုတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ၊ မြေအမျိုးအစားများ မှန်ကန်အောင်စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မြေသြဇာစနစ်တကျသုံးစွဲရေးနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် အလေးထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ပြည်နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရေးပါသောစိုက်ပျိုးရေးထွက်ကုန်များအား ရည်မှန်းချက်ပြည့်မီရေး၊ ဆီထွက်သီးနှံများ မြေပြင်တွင် ဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်မှ ပြည်နယ်အတွင်း ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာတိုးချဲ့စိုက်ပျိုးရေးဆောင်ရွက်မည့် အစီအစဉ်များအားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးတိုးဝင်းမှ ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းဆီထွက်သီးနှံလျာထားစိုက်ပျိုးမှုနှင့် ဆီဖူလုံမှုအခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနှင့် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မြို့နယ်အလိုက် ဆောင်းဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရေး မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ စိုက်ပျိုးရေရရှိရေး၊ လယ်ယာသုံးစက်ကိရိယာများနှင့် စက်သုံးဆီများဖြန့်ဖြူးပေးနိုင်ရေး အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရရသည်။
စည်သူ(ပြန်/ဆက်)