မဟာအောင်မြေမြို့နယ် စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ် စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ အုပ်ချုပ်သူ ဆရာမကြီး ဒေါ်ခင်ယုယုသိန်းက အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက အနာဂတ်လူငယ်မျိုးဆက်သစ်များကို အခြေခံပညာအရွယ်ကစ၍ စာဖတ်သည့် အလေ့အထနှင့် အလေ့ကျင့်ကောင်းများရရှိလာစေရန်၊ စာပေမြင့်မှ လူမျိုးတင့်မည်ဆိုသည်အတိုင်း စာပေသည် လူသားတိုင်းအတွက် အခြေခံအုပ်မြစ်ဖြစ်ကြောင်း၊ ယခုလိုကွင်းဆင်းဆောင်ပေးရခြင်းသည် ဘက်စုံထူးချွန်ထက်မြက်သည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ်ထွက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာလူရည်ချွန်များ ထွက်ပေါ်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးညီဝင်းသူက လူငယ်နှင့်စာပေအကြောင်း ဟောပြောခဲ့သည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်ပြဘုတ်များနှင့် သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း