ပင်းတယ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြင်းမူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား၊ ကျောင်းသူများအား "အမျိုးသားနေ့" ဖြစ်ပေါ်လာပုံ အကြောင်းသိကောင်းစရာများနှင့် အားလပ်သည့်အချိန်စာဖတ်သည့် အလေ့အကျင့်ကောင်းများထားရှိကြရန်၊ ဗဟုသုတပိုမို ကြွယ်ဝလာစေရန်ကျောင်းစာအပြင် ပြင်ပစာပေများကိုလည်း လေ့လာဖတ်ရှုကြစေလိုကြောင်း စသည်ဖြင့် အသိပညာပေးဟောပြောပေးပြီး၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းခတ္တာမောင်က "မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်နှင့် ဆိုးကျိုးများ" နှင့်ပတ်သက်၍ အသိပညာရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး (ပင်းတယ) ဝန်ထမ်းများမှ ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား သုတ၊ ရသစာအုပ်များ ဖတ်ရှုစေခဲ့ပြီး၊ မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအား "မီးခိုးမြူငွေ့ညစ်ညမ်းမှု အန္တရာယ်နှင့်ဆိုးကျိုးများ" လက်ကမ်းစာများကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မွန်းလွဲပိုင်းတွင်မြေခြားမြောက်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့မှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင် များ ဖတ်ရှုစေခြင်း၊ နံရံကပ်စာစောင်များ ပြသပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)