အင်းစိန်မြို့နယ်၌ စာဆိုတော်နေ့အကြို စာပေဆွေးနွေးပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာရေးဆရာအသင်းက ကြီးမှူး၍ စာဆိုတော်နေ့အကြို စာပေဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာပေဆွေးနွေးပွဲတွင် အင်းစိန်မြို့နယ်၊ စာရေးဆရာအသင်း နာယက ရန်နောင်(ပညာရေး)၊ ဒေါက်တာ မြင့်ခိုင်(ဥဂ္ဂါညို-ဒီပဲယင်း)နှင့် ဆရာ နန္ဒကျော်စွာတို့က အမှာစကား အသီးသီးပြောကြားပြီး အင်းစိန်မြို့နယ်၊ စာရေးဆရာအသင်းဥက္ကဋ္ဌ တော်မြင့်(ငှက်ဖျား)က စာပေဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အင်းစိန်မြို့နယ်၊ သတင်းစာဆရာအသင်း၊ စာပေဥယျာဉ်အသင်း၊ ဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)က ကျွန်တော်ဘဝနှင့်စာပေ အကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အင်းစိန်မြို့နယ်၊ စာရေးဆရာအသင်း၊ ဒုတိယဥက္ကဋ္ဌ ခင်နွဲ့မူ(အင်းစိန်)က သင်ကြိုက်သောအလုပ်ကို လုပ်ပါလုပ်သောအလုပ်ကို တန်ဖိုးထားပါ ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက ဗဟုသုတရရှိစေမည့် စာပေအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အလှူရှင် ဦးဖြိုးဝေနှင့် အင်းစိန်မြို့နယ်၊ စာရေးဆရာအသင်း နာယက ဦးသက်တင်(မောင်သာတင့်)တို့က မုဒိတာစကားပြောကြားပြီး စာပေဆွေးနွေးခဲ့ကြသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီးနောက် စာပေဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား တက်ရောက်လာကြသူများက  စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)