တိုက်ကြီး နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်က ပွင့်လင်းရာသီရောက်လာသည်နှင့်အမျှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဇာတ်တိုက်လေ့ကျင့်ရေးများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး စိုးမိုးကျော်နှင့် ခရိုင်အဆင့် မီးဘေးလုံခြုံရေးကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦးတို့က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်သင်တန်းပေးနေမှု အခြေအနေများ၊ ရပ်ကွက်နှင့်ကျေးရွာများ၊ အခြေခံပညာကျောင်းများ၊ မြို့မဈေးနှင့် အထည်ချုပ်စက်ရုံများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်မီးသတ်ဦးစီးဌာနတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လူ၊ ယာဉ်၊ ပစ္စည်းကိရိယာတို့ဖြင့် ဇာတ်တိုက်လေ့ကျင့်နေမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နိဗ္ဗာန်ချမ်းသာမင်္ဂလာ လူမှုရေးအသင်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အရန်မီးသတ်၊ လူ၊ ယာဉ်၊ ပစ္စည်းကိရိယာများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုသည်။
စန်းကလျာခိုင်(ပြန်/ဆက်)