ချောင်းဆုံ နိုဝင်ဘာ ၁၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာရပ်ကွက်(၁၀)တွင် ယမန်နေ့ ညနေ (၆း၄၅) နာရီကမီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် (၃) စီးနှင့် ရေသယ်ယာဉ် (၆) စီးတို့ဖြင့်ပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့သည့်အတွက် ည(၇း၄၂) နာရီ အချိန်တွင် လုံးဝ မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို မွန်ပြည်နယ်မီးသတ်ဦးစီးဌာန ပြည်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ကြပြီး ကမာမိုကျေးရွာ ရပ်ကွက် (၁၀) နေ ဒေါ်ငွေဝင်း၏ နေအိမ်အပါအဝင် သွပ်မိုး၊ ပျဉ်ကာ၊ အုတ်ညှပ်နှစ်ထပ်အိမ်(၂)လုံးနှင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်အိမ် (၁)လုံး မီးလောင်ကျွမ်းပျက်စီးဆုံးရှုံခဲ့ကာ၊ လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မီးလောင်ကျွမ်းမှုအပေါ်အရေးယူဆောင်ရွက်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)