ဒဂုံတောင် နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး၊ ကျောင်းသား၊ ကျောင်းသူ အချင်းချင်း အသိပညာ၊ ဗဟုသုတမျှဝေ ဆွေးနွေးတတ်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူ ဦးကီးလောဟာ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးနှင့် အမှတ် (၂)၊ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းပြဆရာဦးသိန်းသန်းစိုးတို့က ညှိနှိုင်းရေးမှူးများအဖြစ် ဆောင်ရွက်ကာ GRADE-10 S1(D) မှ မဟန်သဇင်စိုးက “လူငယ်နှင့်စာပေ”၊ GRADE-11 S2(A) မှ မသိင်္ဂီဝင့်ထက်က “လူငယ်နှင့်ယဉ်ကျေးမှု”၊ GRADE-10 S2 (A) မှ မောင်အာကာမြင့်မြတ် က “လူငယ်နှင့် နည်းပညာ”၊ GRADE-10 S1 (A)မှ မောင်ပြည့်ဖြိုးအောင်က “လူငယ်နှင့်စာရိတ္တ”၊ GRADE-10 S1(B) မှ မောင်ကောင်းမြတ်စံက “လူငယ်နှင့်အားကစား” နှင့် GRADE-11 S2(B) မှ မသွန်းအိန္ဒြေက “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး ဆွေးနွေးချက်များ အပေါ် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ကဏ္ဍအလိုက်ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးကြသည်။
ထို့နောက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ဆွေးနွေးသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး အထက်တန်းပြဆရာမ ဒေါ်အိရွှေစင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ (၄၀၀) ဦးခန့် တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
နေမျိုးအောင်