ရန်ကင်း နို၀င်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့၊ သင်္ဃန်းကျွန်းခရိုင်မှကြီးမှူးကျင်းပသော ဟိန္ဒူရိုးရာ “ဒီပါ၀လီ” ပွဲတော် အခမ်းအနားကို နိုဝင်ဘာ(၉)ရက် ညနေ (၄) နာရီက ရန်ကင်းမြို့နယ်ရှိ မိုးကောင်းမဟာသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ဟိန္ဒူရိုးရာ “ ဒီပါ၀လီ” ဆီမီးထွန်းညှိ၍ ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ဘာသာပေါင်းစုံညီညွတ်ရေး ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးထွန်းထွန်းမင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သင်္ဃန်းကျွန်းခရိုင် ဟိန္ဒူဘာသာကိုယ်စားခရိုင်နာယက ဦးဘနီမှ “ဒီပါ၀လီ” ပွဲတော်နှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြပေးခဲ့ပြီး ဒီပါဝလီပွဲတော်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။ ထို့နောက် အိန္ဒိယသံရုံးမှ ဆွာမိဝိဝေကာနံ့သာကလ်ယ်ရယ် စင်တာဟိန္ဒူရိုးရာယဉ်ကျေးမှုအကအဖွဲ့က ရိုးရာအကအလှများဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ သင်္ဃန်းကျွန်းဥက္ကဋ္ဌဦးကျော်စည်သူက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဒီပါဝလီပွဲတော်သို့တက်ရောက်လာကြသောဧည့်သည်တော်များအား “ဒီပါ၀လီ” ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ရဲလေး(ပြန်/ဆက်)