ရန်ကင်း နို၀င်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကင်းမြို့နယ် အမှတ် (၄) ရပ်ကွက်၊ ရန်အောင် (၇) လမ်းရှိ မြို့မစာကြည့်တိုက်တွင် ယမန်နေ့ညနေ ၃ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနာယက ဦးမောင်မောင်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် မြို့မစာကြည့်တိုက်သည် ယခင်ကထက်စာလျှင် ယခုအခါ အတိုင်းအတာတစ်ခုအထိ ပိုမိုကောင်းမွန်လာပြီဖြစ်ကြောင်း၊ စာကြည့်တိုက်ဆက်လက်ရှင်သန်ရေးလုပ်ငန်းများအနေဖြင့် ရန်ပုံငွေရရှိအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု၀န်ကြီး ဦးမောင်မောင်အုန်း၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ စာကြည့်တိုက်များ ဆက်လက် ဖွံ့ဖြိုးတိုးတက်ရေးမှာပြည်သူများ၊ ရပ်မိရပ်ဖများ၊ စာကြည့်တိုက်ကော်မတီ၀င်များမှ ပူးပေါင်းပြီး ကိုယ်တိုင်ရပ်တည်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ရှင်သန်ခိုင်မာရေးမှာ ရပ်ကွက်တွင်တာ၀န်ရှိကြောင်း စသည် ဖြင့် ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ၀င် ဦးတင်အောင်မှ မြို့မစာကြည့်တိုက်သည် ပြည်ထောင်စု၀န်ကြီး၏ ပံ့ပိုးမှု၊ လူငယ်ရေးရာ၀န်ကြီး၏ပံ့ပိုးမှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုများဖြင့် စာကြည့်တိုက်ဥပဓိရုပ်တိုးတက်ကောင်းမွန်လာကြောင်း၊ ရပ်ကွက်နေပြည်သူများအနေဖြင့် စာကြည့်တိုက် ဖွင့်လှစ်ထားရှိခြင်းအားမသိရှိသေးကြောင်း၊ စိတ်၀င်စားမှုလျော့နည်းနေတာတွေကို တွေ့ရကြောင်း၊ ပြည်သူများ စိတ်၀င်စားလာအောင်ကော်မတီများအနေဖြင့် မည်သို့ဆောင်ရွက်ရမည်ဆိုတာကို အကြံပြုပေးစေလိုကြောင်းစသည်ဖြင့် စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့ပြီး မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒေါ်လှလှထွေးက စာကြည့်တိုက်များ လက်ရှင်သန်ဖို့ရာမှာ စာကြည့်တိုက်အတွင်း activity များဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများကို ဖိတ်ခေါ်၍ နေ့ကြီးရက်ကြီးများတွင်အထိမ်းအမှတ်နေ့များအဖြစ် ပြပွဲပြိုင်ပွဲများ ဆောင်ရွက်ပေးစေလိုကြောင်း၊ သင်တန်းများ ဖွင့်လှစ်ပေးစေလိုကြောင်း၊ ဟောပြောပွဲ၊ဆွေးနွေးပွဲ၊ စာဖတ်ဝိုင်းများပြုလုပ်ရမည်ဖြစ်ကြောင်းစသည်ဖြင့် ဆွေးနွေးခဲ့ပါသည်။
ထို့နောက် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနာယက ဦးမောင်မောင်လွင်နှင့်အဖွဲ့များက ဆွေးနွေးချက်များအပေါ် အကြံပြုသုံးသပ်ခဲ့ကြပြီးစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်းသိရသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးကို မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနာယကနှင့် အဖွဲ့၀င်များ၊ ရပ်ကွက်စာကြည့်တိုက်ကော်မတီအဖွဲ့၀င်များနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ရဲလေး(ပြန်ဆက်)