ဟိုပုံးမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ မီးခိုးမြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ဟိုပုံး နိုဝင်ဘာလ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မီးခိုးမြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောများ၏ အခန်းကဏ္ဍဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပေါင်လင်းကျေးရွာအုပ်စု၊ ပေါင်လင်း (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

အသိပညာပေးဟောပြောရာတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေက ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များအကြောင်းကိုလည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောများ၏ အခန်းကဏ္ဍဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်လဲ့လဲ့မွန်က မီးခိုး/မြူငွေ့အန္တရာယ်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေး အစီအစဉ်များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ပေါင်လင်း (စက်မှု၊ စိုက်ပျိုး‌၊ မွေးမြူရေး) အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီး တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရဖြည့်စွက်စာ ကျွေးမွေးနိုင်ရန် ထောက်ပံ့ငွေများပေးအပ်လှူဒါန်းရာ ပေါင်လင်း (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့လွင်က လက်ခံရယူခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၇၃) ဦးကို တက်ရောက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)