ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်

ငါန်းဇွန် နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး၊ လူငယ်ရေးရာအသိပညာပေးဆွေးနွေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက “ကလေးအလုပ်သမားပပျောက်ရေး” ခေါင်းစဉ်ဖြင့် ကလေးသူငယ်နှင့် ကလေးအလုပ်သမားတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးလုပ်သား ဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကမ္ဘာပေါ်နှင့်မြန်မာနိုင်ငံတွင် ကလေးလုပ်သားပေါင်းမည်မျှရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးလုပ်သားပပျောက်ရေးနှင့်ပတ်သက်ပြီး ဉပဒေပြဌာန်းချက်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးများကို ခိုင်းစေခြင်းများအကြောင်း၊ ကလေးလုပ်သားပပျောက်ရန် လုပ်ဆောင်နေမှုများ စသည့်အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများအား ရှင်းလင်းဆွေးနွေးဟောပြောသည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက “စားသုံးသူရေးရာ အသိပညာပေး”ခေါင်းစဉ်ဖြင့် အစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန်၊ စားသုံးသူအခွင့်အရေးဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အကြီးတန်းစာရေး ဒေါ်မို့မို့စံက “လူငယ်နှင့် ကိုယ်လက်လှုပ်ရှား အားကစား”ခေါင်းစဉ်ဖြင့် ကိုယ်လက်လှုပ်ရှားအားကစားအလေ့အကျင့်ကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင် အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်စေကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချိုမြင့်ကြည်က “လူငယ်တွေအတွက် အောင်မြင်ရေးနည်းလမ်း(သို့မဟုတ်) ဗလငါးတန်ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဗလ၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေဖို့ လေ့ကျင့်ပြုမူနေထိုင်တတ်စေရန်ကိုလည်းကောင်း အသိပညာပေးဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး၊ နံရံကပ်စာစောင်များပြသခြင်းနှင့် သုတ/ရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းဆောင်ရွက်ပေးရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။            

သက်နောင်ဦး(ငါန်းဇွန်)