စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲ၊ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ချမ်းမြသာစည် နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတလေ့လာ ဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်း၊ သီတာမော်ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် အမှတ် (၁၁) အခြေခံပညာ မူလတန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်မော်မော်က အမှာစကား‌ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကြည့်တိုက်များကို အသုံးပြုတတ်စေရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် စာပေ၏အကျိုးကျေးဇူးများအကြောင်း၊ ကလေးအလုပ်သမား ပပျောက်စေရေးနှင့် လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးဆိုးကျိုးများ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်များပြသပေးခြင်းနှင့်အတူ သုတ/ရသ စာအုပ် (၂၅၀) အုပ်ကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၉၂ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့