ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၌ (၃၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ ကျင်းပ

ရွာငံ နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (၃၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့တွင် ရွာငံမြို့၊ မြို့ဦးမင်္ဂလာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသူများမှ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး၊ ရွာငံမြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာတော် ဦးသာသန ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ညီညာဖျဖျကန်တော့ကြ၍ ငါးပါးသီလ ဆောက်တည်ခဲ့ကြသည်။

ထို့နောက် ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက သာသနာရေးဆိုင်ရာကိစ္စရပ်များ လျောက်ထားတင်ပြပြီး ကျွန်းကြီးကျောင်းဆရာတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌မောင်ဦးနှင့်ဇနီး‌ ဒေါ်မိုးမိုး‌အေးတို့က ဥတ်မကြီးပဒေသာပင်အလှူတော်ငွေကျပ် သိန်း(၅၀)၊ ကထိန်သင်္ကန်းနှင့်အလှူတော်ငွေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ကထိန်သင်္ကန်းနှင့် အလှူတော်ငွေများကို အသီးသီးဆတ်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်မှ ကထိန်အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံ တိဋ္ဌထု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။ (၃၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာတွင် ငွေကျပ် (၁၁,၁၄၀,၀၀၀) လှူဒါန်းခဲ့ကြောင်း သိရသည်။

ရွာငံ (ပြန်/ဆက်)