နေပြည်တော် နိုဝင်ဘာလ ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ MSME လုပ်ငန်းများနှင့် OROP လုပ်ငန်းပါ ချည်ထည်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဇောင်ချမ်းကုန်းစံပြကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ ကြံခင်းစံပြကျေးရွာတို့တွင် ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်မည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်း ၇ နာရီတွင် Incubation center ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေးအေဂျင်စီ (MSME Agency) ဥက္ကဋ္ဌ ဦးဇေယျာလင်း၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME မြို့နယ် ဥက္ကဋ္ဌများ၊ ကျေးရွာမှတာဝန်ရှိသူများ၊ သင်တန်းသူများတက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင်၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေးအေဂျင်စီ (MSME Agency) ဥက္ကဋ္ဌ ဦးဇေယျာလင်းက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုအတွက် အထည်ချုပ်လုပ်ငန်းသည် အဓိကကျသော ကဏ္ဍမှပါဝင်ကြောင်း၊ အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်စိတ်တစ်ပိုင်းအားဖြင့် အထောက်အကူဖြစ်ရုံသာမက အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ပြီး အရေးပါသည့်ကဏ္ဍဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ချည်ထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်ကအားပေး ဆောင်ရွက်နေသကဲ့သို့ နေပြည်တော်ကောင်စီနယ်မြေ၏ OROP လုပ်ငန်းထဲတွင်လည်း ထည့်သွင်းထားသည့်အတွက် ပြည်တွင်းတွင် အရည်အသွေးကောင်းများ ထုတ်လုပ်သည့် အထည်ချုပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံလာအောင် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း အထည်ချုပ်စက်ရုံများတည်ရှိပြီး အထည်ချုပ်လုပ်ငန်းများ ထပ်မံတိုးချဲ့ ဆောင်ရွက်လာပါက အမျိုးသမီးအများစုအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည် ဖြစ်ကြောင်း၊ အမျိုးသမီးအများစုသည် အိမ်မှုကိစ္စရပ်များဖြင့်သာ အချိန်ကုန်နေသည့်အတွက် အမျိုးသမီးများ အိုးမကွာအိမ်မကွာဖြင့် တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိအောင်ဆောင်ရွက်နိုင်ရန် ယနေ့တွင် စက်ချုပ်နည်းပညာကို သင်ကြားပေးပြီး သင်တန်းပြီးပါက စက်ချုပ်လုပ်ငန်းလုပ်ကိုင်ရန် စက်ပစ္စည်းများ ပေးအပ်မည်ဖြစ်ပါကြောင်း၊ စက်ချုပ်ပညာကို ကျွမ်းကျင်စွာတတ်မြောက်ထားပါက အထည်ချုပ်လုပ်ငန်း များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း၊ ကိုယ်ပိုင်စက်ချုပ်ဆိုင်များ ဖွင့်လှစ်နိုင်ခြင်းကြောင့် မိသားစုဝင်ငွေ တိုးလာမည်ဖြစ်သည့်အတွက် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိုးမမဌေးက စီမံကိန်းကော်မတီဝင်များအား စီမံကိန်းဝတ်စုံများ ပေးအပ်သည်။
အဆိုပါသင်တန်းတွင် ပျဉ်းမနားမြို့နယ်၊ ဇောင်ချမ်းကုန်းကျေးရွာမှ သင်တန်းသူ (၁၄) ဦးနှင့် လယ်ဝေးမြို့နယ်၊ ကြံခင်းကျေးရွာမှ သင်တန်းသူ (၁၂) ဦး စုစုပေါင်း (၂၆) ဦးအား အခြေခံစက်ချုပ်နည်းပညာ သင်တန်း (၁) လနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်း (၁၅) ရက် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး သင်တန်းကာလအတွင်း ဘာသာရပ်စုစုပေါင်း (၁၄) မျိုးကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ကျေးရွာ (၁) ရွာလျှင် ထူးချွန်ပြီးအမှန်တကယ်လုပ်ငန်း ပြန်လည်လုပ်ကိုင်မည့်သူ (၅) ဦးစီကိုရွေးချယ်၍ လုပ်ငန်း ထူထောင်နိုင်သည်အထိ (၁) ဦးလျှင် အပ်ချုပ်စက်၊ ဓားစက်၊ ဘီတင်စက်၊ ထုပ်သီးရိုက်စက်တို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)