နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၌ (၁၉)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ကျိုင်းတုံ  နိုဝင်ဘာ  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၏ (၁၉)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့နှင်းသဘင် အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်နေ့နံနက် ၉ နာရီခွဲက နည်းပညာတက္ကသိုလ် (ကျိုင်းတုံ) ဘွဲ့နှင်းသဘင်ခမ်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဘွဲ့နှင်းသဘင်စင်မြင့်ပေါ်တွင် အသီးသီးနေရာယူကြကာ နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံကို အလေးပြုကြသည်။

အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်သာထွန်းက မိန့်ခွန်းပြောကြားပြီး ၂၀၂၄ ခုနှစ်၊ မြို့ပြအင်ဂျင်နီယာဘွဲ့ရရှိသူ ၃၃ ဦး၊ အီလက်ထရောနစ် အင်ဂျင်နီယာဘွဲ့ရရှိသူ ၁၃ ဦး၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘွဲ့ရရှိသူ ၂၁ ဦးနှင့် စက်မှုအင်ဂျင်နီယာဘွဲ့ရရှိသူ ၁၅ ဦး စုစုပေါင်း ၈၂ ဦးအား  ဘွဲ့လက်မှတ်များ တစ်ဦးချင်း အပ်နှင်း​ပေးသည်။

ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများနှင့် ဆရာ၊ ဆရာမများ၊ ဘွဲ့ရယူမည့်ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)တွင် ၂၀၀၁ ခုနှစ်မှ ယနေ့ထိ အင်ဂျင်နီယာဘွဲ့ရမောင်မယ်  ၁၆၄၇ ဦးအား ဘွဲ့လက်မှတ်များ အပ်နှင်းပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)