ခရမ်းမြို့နယ်လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မိတ်ဆက်ရှင်းလင်းမှု အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ခရမ်း နိုဝင်ဘာ ၂၅

ကျေးလက်​ဒေသဖွံ့ဖြိုး တိုးတက်​ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူး​ပေါင်းအ​ကောင်အထည်​ဖော်​ ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း(CDD)ကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာ​ရေးနှစ်တွင် စတင်အ​ကောင်အထည်​ဖော် ဆောင်ရွက်မည့် ရန်ကုန်တိုင်း​ဒေသကြီး၊​ ခရမ်းမြို့နယ် စီမံကိန်းမိတ်ဆက် ရှင်းလင်း မှု အလုပ်ရုံ​ဆွေး​နွေးပွဲ အခမ်းအနားကို ၊ယမန်‌နေ့နံနက်(၁၀း၃၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားတွင် လူထုဗဟိုပြုစီမံကိန်းဒါရိုက်တာ ဒုတိယညွှန်ကြား​ရေးမှူးချုပ် ​ဒေါ်ညိုညိုဝင်း မှ အဖွင့်အမှာစကား​ ပြောကြားခဲ့ပြီး   ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ် တစ်ဦးက မိတ်ဆက်စကား​ပြောကြား ကာ ညွှန်ကြား​ရေးမှူး ဦးလှခိုင်မှ စီမံကိန်းအ​ကြောင်း ဗီဒီယိုမိတ်ဆက် ရှင်းလင်း​ပြောကြား ခဲ့သည်။ အဆိုပါ စီမံကိန်းမိတ်ဆက်ရှင်းလင်းမှု အလုပ်ရုံ​ဆွေး​နွေးပွဲအခမ်းအနားကို လူထုဗဟိုပြု စီမံကိန်း ဒါရိုက်တာ ဒုတိယညွှန်ကြားရေးမှူးချုပ်​ ဒေါ်ညိုညိုဝင်း၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ ညွှန်ကြား​ရေးမှူးများ၊ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်များ မှ တာဝန်ရှိသူများ၊မိတ်ဖက်အဖွဲ့အစည်းများနှင့် CSO ကိုယ်စားလှယ်များတက်​ရောက်ခဲ့ကြ​ပြီး တက်​ရောက်လာသူများမှ စီမံကိန်းအ​ကြောင်း သိရှိလိုသည်များ​မေးမြန်းကြရာ စီမံကိန်းဒါရိုက်တာ ဒုတိယ ညွှန်ကြား​ရေးမှူးချုပ် ​ဒေါ်ညိုညိုဝင်းနှင့် တာဝန်ရှိသူများက ပြန်လည်​ဖြေကြား​ပေးခဲ့​ကြောင်း သတင်း ရရှိသည်။

ခရမ်းမြို့နယ်မှ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးမင်းဆန်းထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြိုဖများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။

ကိုမင်း (ခရမ်း)