ရန်ကုန် နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင် ပြည်သူများ ပါဝင်သည့် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က သင်္ဃန်းကျွန်းမြို့နယ် ဆ/ခရပ်ကွက်ရှိ မေတ္တာကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မေတ္တာကျောင်းတိုက်ဆရာတော် ဦးဝိလာသအား အမှူးပြု၍ သံဃာတော် အရှင်သူမြတ်များနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူစောင့်တည်ကာ မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် စေတနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
သိန်းအောင်(ပြန်/ဆက်)