ရပ်စောက် နိုင်ဝင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် (၆၅) ကြိမ်မြောက် ဗထူးတပ်နယ်၊ ရပ်စောက်မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်နေပြည်သူအလှူရှင်များပါဝင်သည့် စုပေါင်းမဟာဘုံကထိန်ပွဲအလှူ တရားတော်နာရေစက်ချ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က မြို့ကုန်းရပ်ကွက်၊ စူဠာမုနိကုသိုလ်တော်ဘုရားကြီးဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ကြပြီး ရပ်စောက်မြို့နယ် သံဃနာယကအဖွဲ့အကျိုးတော်ဆောင် မင်္ဂလာရန်အောင်ကျောင်းဆရာတော်ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဗထူးတပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ဉာတ်ကထိန်သင်္ကန်းနှင့် ကထိန်သင်္ကန်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဗထူးတပ်နယ်မှူးမှ(၆၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်နှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။ ထို့နောက် ရပ်စောက်မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဓမဇောတိကဓဇမြို့မဘုရားကြီးကျောင်းဆရာတော်ထံမှ ကထိန်အနုမောဒနာတရားနာကြား၍ ရေစက်သွန်ချအမျှပေးဝေကြကာအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ပြီး ပင့်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
(၆၅)ကြိမ်မြောက် ဗထူးတပ်နယ်၊ ရပ်စောက်မြို့နယ် စုပေါင်းမဟာဘုံကထိန်ပွဲတွင် နေ့ဆွမ်း၊ နဝကမ္မ၊ ဆေးပဒေသာပင်၊ ပဒေသာပင်နှင့်လှူဖွယ်ဝတ္တုပစ္စည်းတန်ဖိုး စုစုပေါင်းကျပ် (၁၂၈,၃၉၉,၆၈၀)သိန်းအား ရပ်စောက်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနှင့်အခမ်းအနားသို့ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးနှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များတက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်