တာမွေ နိုဝင်ဘာ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ သင်္ဃန်းကျွန်းခရိုင်မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် ဟိန္ဒူရိုးရာ “ဒီပါဝလီ” ဆီမီးထွန်းပွဲတော် အခမ်းအနားကို ယမန်နေ့ ညနေ (၄) နာရီအချိန်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ)၊ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ဗဟိုအမျိုးသမီးရေးရာ အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သင်္ဃန်းကျွန်းခရိုင်နှင့်မြို့နယ်များမှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဟိန္ဒူဘာသာမှ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏ၊ သင်္ဃန်းကျွန်းခရိုင်ဥက္ကဋ္ဌ ဦးကျော်စည်သူ၊ ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းဆွေ၊ ဦးအောင်ဆန်း၊ ဦးမောင်မောင်၊ ဦးကျော်မင်း၊ ဦးလှရွှေတို့က ဟိန္ဒူရိုးရာ “ဒီပါဝတီ” ဆီမီးထွန်းညှိ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာကြသော ဂုဏ်သရေရှိ လူကြီးမင်း များအား “ဒီပါဝလီ” ခြုံလွှာနှင့် ဂုဏ်ပြုပန်းကုံးများ ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရန်ကင်းမြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဦးဇော်မင်းက “ဒီပါဝလီ”ပွဲတော်နှင့် ပတ်သက်သည့် ဂုဏ်ပြုစကားအား ချီးမြှင့်ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ သင်္ဃန်းကျွန်းခရိုင်၊ ဟိန္ဒူဘာသာကိုယ်စား ခရိုင်နာယက ဦးဘနီက “ဒီပါဝလီ”ပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ မဟာသာသနာ့ဗိမာန်တော်ကြီးအတွက် လှူဒါန်းသော အလှူငွေကျပ် နှစ်သိန်းငါးသောင်းတိတိအား ခရိုင်ဥက္ကဋ္ဌ ဦးကျော်စည်သူက ပေးအပ်ရာ မဟာသာသနာ့ဗိမာန်တော်ကြီးဥက္ကဋ္ဌ ဦးဌေးဝေက လက်ခံရယူခဲ့သည်။ ဆက်လက်ပြီး ဟိန္ဒူရိုးရာ “ဒီပါဝလီ” ဆီမီးထွန်းပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စည်သူက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသော တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအား အိန္ဒိယသံရုံးမှ ဆွာမိဝိဝေကာနံ့သာ ကလ်ယ်ရယ်စင်တာ ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်၍ ဒီပါဝလီ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပြီး အခမ်းအနားအား ညနေ (၆)နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)