ပြင်ဦးလွင် နို၀င်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက အိုအေစစ်ခန်းမတွင် ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် ပြင်ဦးလွင်မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်တင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းဇော်ဦးက မူဝါဒနှင့်အညီ သမဝါယမအသင်းများ၏ ရှေးလုပ်ငန်းစဉ်များနှင့် စီမံကိန်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်ပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်က ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အဖွဲ့၏အစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို တာ၀န်ရှိသူများက ရှင်းလင်းဖတ်ကြားပြီး သဘာပတိကအသင်း၀င်ကိုယ်စားလှယ်များထံမှ အတည်ပြုချက် ရယူသည်။
ဆက်လက်ပြီး တက်ရောက်လာသော အသင်း၀င်များအား အစုပေါ်အမြတ်ငွေ တစ်သင်းလျှင် (၁၀,၀၀၀)နှုန်းဖြင့် ငွေကျပ် (၁၆)သိန်း၊ တက်ရောက်လာသော အသင်း၀င်ကိုယ်စားလှယ် တစ်ဦးလျှင်(၂၀,၀၀၀) နှုန်းဖြင့် ငွေကျပ်(၂၀)သိန်း၊ တက္ကသိုလ်၀င်စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူ(၈)ဦးအား ပညာသင်စရိတ်ထောက်ပံ့ငွေ ငွေကျပ်(၅)သိန်း စုစုပေါင်းငွေကျပ်(၄၁)သိန်း ထောက်ပံ့ပေးခဲ့ကြောင်း တာ၀န်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
သွေးသွေး(ခရိုင် /ပြန်ဆက်)