တံတားဦး နိုဝင်ဘာ ၁၀
တံတားဦးခရိုင်/မြို့နယ် ဌာနဆိုင်ရာများစုပေါင်း၍ (၁၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို နိုဝင်ဘာလ(၅)ရက်နေ့ နံနက်(၉)နာရီက တံတားဦးမြို့ အမှတ်(၃)ရပ်ကွက်၊ မကျည်းတောကျောင်း ဓမ္မာရုံအတွင်း၌ ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် ပင့်လျှောက်၍ကြွရောက်မူကြသောဆရာတော်သံဃာတော်များ၊ တပည့်ဒါယကာ၊ ဒါယိကာများမှ “နမောတဿ” သုံးကြိမ်ရွတ်ဆိုပူဇော်ပြီး အခမ်းအနားကိုဖွင့်လှစ်ပေးပြီး၊ တံတားဦးမြို့နယ် သံဃာ့နာယက ဩဝါဒစရိယဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တကောသလ္လထံမှ တပည့်ဒါယကာ၊ ဒါယိကာအပေါင်းမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များမှ မေတ္တာပရိတ်တရားတော်များချီးမြှင့်ပေးကြသည်။ ထို့နောက် မကျည်းတော်ကျောင်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရအား ကထိန်ကလျာသင်္ကန်းကို တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းပြီး မြို့နယ်သံဃာ့နာယက ဩဝါဒစရိယဆရာတော်မှ အနုမောဒနာတရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှပေးဝေကြပြီး အခမ်းအနားကို “ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုတ်သိမ်းပေးကြသည်။
ဆက်လက်၍ တပည့်ဒါယကာ၊ ဒါယိကာများမှ ဆရာတော်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပေးကြသည်။ တံတားဦးခရိုင်/မြို့နယ်အနေဖြင့် (၁၁)ကြိမ်မြောက် ဌာနဆိုင်များ စုပေါင်းလှူဒါန်းသည့် စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် တောကျောင်းအနောက်ဆရာတော်အား ဝတ္ထုအလှူငွေကျပ်(၂၀)သိန်း၊ ကထိန်ကလျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများတန်ဖိုး လှူဒါန်းငွေကျပ်(၃,၃၁၅,၀၀၀)ကျပ် ၊စုစုပေါင်း(၅,၃၁၅,၀၀၀) ကျပ်,လှူဒါန်းနိုင်ခဲ့ပြီး ပင့်သံဃာ(၈)ပါးအား လှူဖွယ်ဝတ္တုနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည် ။
ဦးရဲတင့်(ပြန်/ဆက်)