ပုဂံမြို့ဟောင်း၌ ဘေးကင်းလုံခြုံသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပုဂံ နိုဝင်ဘာ ၂၅

ဘေးကင်းလုံခြုံသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုဂံမြို့ဟောင်းရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ)၊ B.I.T.C(ဘုတ်ကျောင်း) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ ဟောပြောပွဲတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ခရီးစဉ်ဒေသ စနစ်တကျ ရေရှည်တည်တံ့စေရေး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းပို့ချသည်။

ဆက်လက်၍ ပုဂံခရီးစဉ်ဒေသ၏တန်ဘိုးနှင့် ဒေသခံများ၏ လိုက်နာဆောင်ရွက်မှု၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ခရီးသွား များမှ စွန့်ပစ်ခဲ့သော အမှိုက်များ၏ ဘေးထွက် ဆိုးကျိုးများ လျော့ချရေး၊ ဘေးကင်းလုံခြုံသောကျန်းမာရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာနှင့် ဝန်ဆောင်မှုလုပ်ငန်းစသည့် အကြောင်းအရာများကို သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ  ကဏ္ဍအလိုက် ရှင်းလင်းပို့ချကြသည်။

ထို့နောက် တက်ရောက်လာကြသည့် သဘာဝအခြေခံခရီးစဉ်ဒေသမှ ဈေးသည်များ၏ သိရှိလို သည့် မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)၊ ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (ပုဂံဇုန်)၊ ပုဂံဧည့်လမ်းညွှန်များအသင်း၊ ပုဂံ Plastic Campaign အဖွဲ့၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) မှ တာဝန်ရှိသူများနှင့် ကျောက်မျက်မော် သဘာဝအခြေခံခရီးစဉ်ဒေသမှ ဈေးသည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)