စစ်တွေ နိုဝင်ဘာ ၁၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်သည့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းနှင့်ဆောင်း သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီး အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းကာ စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် တည်ထားပူဇော်လျက်ရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော် နှစ်ဆူအတွက် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုပြီး လောကာနန္ဒာစေတီတော်ပရဝဏ်အတွင်းတွင် စစ်တွေတပ်နယ်မှ တပ်မတော်သားများက စေတီတော်ရင်ပြင်ရှိ နံရံအုတ်တံတိုင်းများအားဆေးသုတ်ခြင်း သန့်ရှင်းသာယာလှပရေးနှင့် စုပေါင်းသန့်ရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကာလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူလယ်သမားသည် စစ်တွေမြို့ အကျဉ်းဦးစီးဌာန စိုက်ကွင်း၌ကျင်းပသော ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်သည့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ဆောင်းသီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်တွင်၂၀၂၄-၂၀၂၅ခုနှစ်တွင် မိုးစပါး(၁,၀၀၅,၉၈၉)ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ ( ၈၇၂၅၅၄) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားချက်အပေါ် (၈၆ဒသမ၇၄) ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့် အဓိကသီးနှံများတစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် သီးနှံအလိုက်ပန်း တိုင်အထွက်နှုန်းများ သတ်မှတ်ဆောင်ရွက်လျက်ရှိရာ မိုးစပါးသီးနှံပန်းတိုင်အထွက်နှုန်း တစ်ဧကလျှင် တင်း(၁၀၀) နှင့်အထက် ထွက်ရှိစေရေးအတွက် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့်အတွက် ကောင်းမျိုးသန့်မျိုးစေ့များ သုံးစွဲစိုက်ပျိုးရန်၊ သတ်မှတ်အပင်ဦးရေပြည့်မီအောင် စိုက်ပျိုးရန်၊ ကောင်းမွန်တဲ့စိုက်ပျိုးနည်းစနစ်များ ရွေးချယ်ကျင့်သုံးရန်နှင့် အပင်ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေးဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ယခုအခါ စိုက်ပျိုးပြီး စပါးများရင့်မှည့်လာပြီးဖြစ်သည့်အတွက် ရိတ်သိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မရိတ်သိမ်းမီ အထွက်နှုန်းကိုခန့်မှန်းရန်အတွက် မိုးစပါးစံကွက် ရိတ်သိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးအထွက်နှုန်း မှတ်တမ်းယူရာတွင် တိကျစေရန် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းလုပ်ငန်းကို သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိုးစပါးအထွက်နှုန်းကို အနီးစပ်ဆုံး ခန့်မှန်းနိုင်မှသာ ထုတ်လုပ်မှုတန်ဖိုးများ တွက်ချက်ရာတွင် မှန်ကန်သောစာရင်းဇယားများကို ရရှိမည်ဖြစ်ကြောင်း၊ စစ်တွေမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်မှာ မိုးစပါး(၂၂၀၀၈)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ လတ်တလောအခြေအနေအရ (၈၅၃၈) ဧကသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးပြီး မိုးစပါးအထွက်နှုန်းကို မှတ်တမ်းတင်နိုင်ရန် အနီးစပ်ဆုံးအထွက်နှုန်းကို ခန့်မှန်းနိုင်ရန်အတွက် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို သက်ဆိုင်ရာဌာနများမှ ကိုယ်စားပြုဧကများအလိုက် စံကွက်များရိတ်သိမ်းပြီး မြို့နယ်၏အထွက်နှုန်းကို မှတ်တမ်းတင်နိုင်မည်ဖြစ်ကြောင်း၊ တောင်သူများ မိုးစပါးရိတ်သိမ်းရာတွင် အလေအလွင့်နည်း စေရန်သီးထပ် အချိန်မီစိုက်ပျိုးနိုင်ရန် ရိတ်သိမ်းခြွေလှေ့စက်များနှင့် ရိတ်သိမ်းနိုင်ရန်အတွက် စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ် မည်ဖြစ်ကြောင်း၊ မိုးစပါးစံကွက်ရိတ်သိမ်းပြီးပါက ဆောင်းသီးထပ်သီးနှံစိုက်ပျိုးရေး၊ နွေစပါးသီးထပ် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်၏ စိုက်ပျိုးထုတ်လုပ်မှုအရ ဒေသဝမ်းစာ ဆန်ဖူလုံမှုတွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆီဖူလုံမှု ( ၄၂ဒသမ၈၈ ) ရာခိုင်နှုန်း၊ ပဲဖူလုံမှု (၆၈ ဒသမ၂၁) ရာခိုင်နှုန်းသာရှိပြီး ဆီဖူလုံမှု၊ ပဲဖူလုံမှုမရှိသေးတဲ့အတွက် ဒေသတွင်းဖူလုံမှုရှိအောင် ဆီထွက်သီးနှံ၊ ပဲမျိုးစုံသီးနှံတို့ကို တိုးချဲ့စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် သီးနှံများ ထုတ်လုပ်မှုတိုးတက်ရေးအတွက် သီးနှံစိုက်ဧကများတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးတို့ကို တွန်းအားပေးဆောင်ရွက်လျက်ကြောင်း၊ တောင်သူများသီးထပ် စိုက်ပျိုးရေးအတွက်မျိုးစေ့နှင့် စိုက်နည်းစနစ်လိုအပ်ချက်ကို စိုက်ပျိုးရေးဦးစီးဌာနနှင့်လည်းကောင်း၊ ထွန်ယက်ရေးကို စက်မှုလယ်ယာဦးစီးဌာနနှင့်လည်းကောင်း၊ ရေရရှိရေးကို ဆည်မြောင်းနှင့်ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့်လည်းကောင်း ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား ဆောင်းသီးနှံမျိုးစေ့များဖြစ်သည့် အစေ့ထုတ်ပြောင်း၊ နေကြာ၊ မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ဟင်းသီးဟင်းရွက်များကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ရရှိသည့်မျိုးစေ့များကို စနစ်တကျစိုက်ပျိုးထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုတိုးတက်လာမှ ပြည်နယ်တွင်းစားသုံးမှုဖူလုံလာမည် ဖြစ်ပြီး ပိုလျှံမှုများကို ပြည်နယ်ပြင်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်လာစေမည်ဖြစ်သည့်အတွက် တောင်သူများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ကြောင်း၊ တောင်သူများဝင်ငွေတိုးတက်ရရှိရေးအတွက် မိုးစပါးတစ်သီးတည်းစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ကျေနပ်မနေဘဲဝင်ငွေသေချာသည့် ဒုတိယသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးဆောင်ရွက်စေခြင်းဖြင့် မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးများရရှိမည်ဖြစ်သည့်အတွက် သီးထပ်သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျိုးစေ့များခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုပြီး ဒေသခံတောင်သူများအား စိုက်ပျိုးမည့် ဆောင်းသီးနှံမျိုးစေ့များကိုပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စံကွက်ရိတ်သိမ်းခြင်းအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် စိုက်ပျိုးထားသည့် YSR-1 စပါးမျိုးသစ်စိုက်ခင်း (ဝဒသမ၁၀)ဧကတွင် တစ်ဧကလျှင် အစို(၁၀၀ ဒသမ ၇၉) တင်းနှုန်း၊ အခြောက် ၉၇ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
ဝင်းမင်းစိုး၊တင်ထွန်း(ပြန်/ဆက်)