သပိတ်ကျင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရန် Mask Campaign ပြုလုပ်

သပိတ်ကျင်း နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်သူများအား ကျန်းမာရေး အသိပညာပေးခြင်းနှင့်အတူ နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီ မှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့ရှိ မြို့မဈေးအတွင်း ဈေးရောင်ချနေသူများ၊ ဈေးဝယ်သူများ၊ မြို့ပေါ်ရှိ လူအသွားအလာများသည့် လမ်းဆုံများ၊ မြို့အဝင် စစ်ဆေးရေးဂိတ်သို့ ဝင်ထွက်သွားလာသည့် ခရီးသွားပြည်သူများအား၊ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နေအိမ် ပြင်ပထွက်ခွာပါ က နှားခေါင်းစည်းတပ်ဆင်ရေး၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်စေရန် အတွက် ရည်ရွယ်၍ အသိပညာပေး လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်းများကို (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ Mask Campaign လုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဆောင်ရွက်ပြီး မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်း များ၊ မြို့ဝင်ဂိတ်တာဝန်ထမ်းဆောင်နေသည့် ကဘဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းနှင့် အလှည့်ကျ တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲဝင်များ၊ ရပ်မိ/ရပ်ဖများ၊ စေတနာ ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးနိုင်ဝင်း(ပြန်/ဆက်)