ကျောက်ဆည် နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး တောင်လွှဲကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်ပိုင်း စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် တောင်လွှဲကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက ကျောင်းသား၊ ကျောင်းသူများ ပညာတတ်ကြီးများဖြစ်အောင် အသိပညာပေး ဟောပြောပွဲကျင်းပေးခြင်းဖြစ်ရာ လိမ္မာယဉ်ကျေးစွာဖြင့် နားထောင်ကြပြီး လေ့လာမှတ်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျန်းမာခြင်းသည် အဓိကဖြစ်ကြောင်း ကျန်းမာရေးကောင်းမွန်မှ ကျောင်းမှန်မှန်တက်နိုင်ပြီး ပညာတတ်ကြီးများဖြစ်အောင် ကြိုးစားနိုင်ကြောင်း ရာသီဥတုအပြောင်းအလဲကြောင့် ဖျားနာမှုမရှိစေရန် နေထိုင်သွားကြရန်၊ တစ်ကိုယ်သန့်ရှင်းရေး၊ ကျန်းမာရေးအသိပညာပေးစာအုပ်များ ရှာဖွေဖတ်ရှုရမှာဖြစ်ကြောင်း စာအုပ်ဖတ်ခြင်းမှ ရရှိလာသော အသိပညာများကို မိမိမိသားစု၊ မိမိသူငယ်ချင်းများကို မျှဝေ သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အသိပညာပေး ဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိရေး စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသည့် ကလေးငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)