ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားတက်ရောက်

စစ်တွေ နိုဝင်ဘာ  ၈

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏(၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ရှိ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက “ဒို့GA”သီချင်းဖြင့် ကပြဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်၏ အမျိုးသားရေးမျှော်မှန်းချက်နှင့်နိုင်ငံရေး မျှော်မှန်းချက်များ အောင်မြင်အောင်အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သောအုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေး၌ အဓိကကျသော ဌာနတစ်ခုဖြစ်ကြောင်း၊ ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူကယုံကြည်အားထားရသည့် အုပ်ချုပ်ရေးယန္တရားကောင်းဖြစ်စေရန်အတွက် နိုင်ငံတော်နှင့် လူမျိုးဂုဏ်သိက္ခာတို့ကို လေးစားတန်ဖိုးထားပြီး စံနမူနာပြဝန်ထမ်းကောင်းများဖြစ်အောင်ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့် ဖြစ်ပေါ်လာပုံအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက “ထာဝရသစ္စာ” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့် video Clip အားပြသသည်။

ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တာဝန်ရှိသူတို့က ရခိုင်ပြည်နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ငါးကြိမ်အထက် သွေးလှူဒါန်းသည့် ဝန်ထမ်းများနှင့် တစ်နှစ်ပတ်လုံး ခွင့်မယူသည့် ဝန်ထမ်းများအား ဆုချီးမြှင့်ပေးကြပြီး ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက “မဟာနွယ်” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဆုရဝန်ထမ်းများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကာ ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဝန်ထမ်းများအား ဗလာမပါကံစမ်းမဲများဖွင့်ဖောက်ပေးကြ သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းစိုး၊တင်ထွန်း(ပြန်/ဆက်)