တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် နှာခေါင်စည်းတပ်ဆင်သွားလာစေရေး စစ်ဆေးအရေးယူခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

ရန်ကုန် နိုဝင်ဘာ၂၅


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အမှတ်(၆) ရပ်ကွက်နှင့် အမှတ် (၉) ရပ်ကွက်ရှိ ပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask) များတပ်ဆင်စေရေး စစ်ဆေးအရေးယူခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့နံနက် (၇) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ လမ်းသွားလမ်းလာ ပြည်သူများ၊ ဈေးရောင်းဈေးဝယ်ပြည်သူများ၊ ကားမှတ်တိုင်များရှိ ပြည်သူများအား မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရတိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့် ညွှန်ကြားချက်များကို လိုက်နာရန်အတွက် အသိပညာပေးခြင်း၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း မတပ်ဆင်သူများအား  နှာခေါင်းစည်း (၁)ခု ၂၀၀ ကျပ်ဖြင့် ရောင်းချပေးပြီး အခုဝယ်အခုတပ်ဆင်စေခြင်းဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေထက်အောင် (ပြန်/ဆက်)